ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်များတွင် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးပြီး ဒေသခံပြည်သူများနှင့်တွေ့ဆုံ

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဟာ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့်အတူ (ဇန်နဝါရီလ ၅ ရက်) နေ့ ညနေပိုင်းက မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်း မြို့နယ် တံခါးကြီးကျေးရွာသို့ ရောက်ရှိပြီး၊ ကျေးရွာ ရေပေးဝေရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးရာ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် တိုင်းဒေသကြီး ဦးစီးမှူးတို့က တိုင်းဒေသကြီးအတွင်း နွေရာသီ သောက်သုံးရေ ရှားပါး ပြတ်လတ်မှု၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း တိုင်းဒေသကြီးအတွင်းမှာ ပြည်ထောင်စု ဘဏ္ဍရန်ပုံငွေနဲ့ ဆောင်ရွက်လျက် ရှိတဲ့ ကျေးလက်ရေ ရရှိရေး လုပ်ငန်းများနဲ့ ကျောက်ပန်းတောင်း မြို့နယ်အတွင်း ကျေးလက် ရေရရှိရေး ဆောင်ရွက်ပေးနိုင်ခဲ့မှုတို့ကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။

ကျောက်ပန်းတောင်း မြို့နယ်မှာ ကျေးရွာအုပ် စု ၁၀၉ အုပ်စု ရှိပြီး၊ ကျေးရွာပေါင်း ၃၃၉ ရွာ အိမ်ခြေ ၄၆,၉၄၀ နဲ့ လူဦးရေ ၂၅၁,၉၃၅ ဦး ရှိပါတယ်။ သောက်သုံး‌ရေ ရရှိမှု အနေနဲ့ တွင်းတိမ် ၇၂၀ ၊ တွင်းနက် ၁၈၆ တွင်း ၊ လက်တူးတွင်း ၇၂ တွင်း ၊ မြေသား ရေကန် ၁၃၁ ကန် ၊ စိမ့်စမ်း ၆၄ တွင်း ၊ အိမ်သာ ရေသွယ်စနစ် ၉ ခုတို့မှ ရယူ အသုံးပြုနေခြင်း ဖြစ်ပြီး၊ နွေရာသီ သောက်သုံးရေ ရှားပါး ပြတ်လတ်မှုများ ကြုံတွေ့ နေရ ခြင်းအပေါ် ထိရောက်စွာ ကူညီ ဆောင်ရွက် ပေးနိုင်ရန် ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက် ရေရရှိရေး လုပ်ငန်းများကို ဘဏ္ဍနှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက် ပေးလျက် ရှိပါတယ်။

အဲဒီကမှ တစ်ဆင့် ပြည်ထောင်စု ဝန်ကြီးနဲ့ အဖွဲ့ဟာ ညောင်ဦးမြို့နယ် ချောက်ကန်ကျေးရွာကို ရောက်ရှိပြီး၊ ဒေသနေ ပြည်သူများ ကျေးရွာ ရပ်မိရပ်ဖများ ၊ စီမံကိန်း အထောက်အကူ ပြု ကော်မတီ ဝင်များနဲ့ တွေ့ဆုံပြီး၊ ကျေးရွာအတွင်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းနဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ဒေသနေ ပြည်သူများရဲ့ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ၊ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်နိုင်ဖို့ အတွက် လိုအပ်ချက်များ ကူညီ ဖြည့်ဆည်း ပေးနိုင်ရေးကို မေးမြန်းဆွေးနွေးရာမှာ ကျေးရွာသူ ကျေးရွာသားများက ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြကြပါတယ်။

တင်ပြချက်များအပေါ် ပြည်ထောင်စု ဝန်ကြီးက သက်ဆိုင်ရာ ဌာနများမှ တာဝန်ရှိသူများက အမြန်ဆုံး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ဖို့နဲ့ ဘဏ္ဍာငွေ ခွင့်ပြုချက်အရ ဆောင်ရွက် ဖို့ အခက်အခဲရှိတဲ့ လုပ်ငန်းများ အတွက် ဝန်ကြီးဌာနက အကောင်အထည်ဖော်လျက်ရှိတဲ့ မျှဝေခြင်း အစီအစဉ်မှ ကူညီဆောင်ရွက် ပေးနိုင်ရေးအတွက် ဆွေးနွေးမှာကြားခဲ့တယ်လို့ သိရှိရပါတယ်။

Source: MRTV

Website Link: https://www.mrtv.gov.mm/mm/news-62141?fbclid=IwAR23uTGmxZRuawHIg-iMa2nnrNwVCQMQQljy_zQge3QoJrDaUZj0cGTjH9c