လူထုအခြေပြု ဖွံ့ဖြိုးရေး အမျိုးသားစီမံကိန်းမှ မန္တလေးတိုင်းတွင် ပထမ ဦးစားပေး မြို့နယ်အဖြစ် တောင်သာ မြို့နယ်ကို ရွေးချယ်

MRTV Media Coverage

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်းအတွက် မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ မြို့နယ် တစ်မြို့နယ်ကို ထပ်မံ တိုးချဲ့ ရွေးချယ်နိုင်ဖို့ အကြံဉာဏ်များ ရယူခြင်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ မန္တလေးမြို့ အမျိုးသား ကဇာတ်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။ မန္တလေး သတင်းဌာနခွဲမှ ပေးပို့ထားပါတယ်။

၂၀၁၃ ခုနှစ်ကနေ စတင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မြို့နယ် ၆၃ မြို့နယ်မှာ ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်းဟာ နိုင်ငံတကာမှ အဖွဲ့အစည်းများရဲ့ ထောက်ပံ့ငွေနဲ့ ချေးငွေများ၊ ပြည်ထောင်စု အစိုးရရဲ့ ထည့်ဝင်ငွေများကို စုပေါင်းကာ အမေရိကန် ဒေါ်လာ ၅၄၉ သန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာကတော့ ရန်ပုံငွေ ပိုလျှံမှုနဲ့ ထပ်မံရရှိလာမှုတွေကို တွက်ချက်ပြီး၊ အမေရိကန် ဒေါ်လာ ၉၆ သန်းခန့် ပိုလျှံလာတာကြောင့် မြို့နယ်ပေါင်း ၁၃ မြို့နယ်ကို တိုးချဲ့ ရွေးချယ်သွားမှာ ဖြစ်တဲ့အတွက် မန္တလေးတိုင်း ဒေသကြီးက မြို့နယ် တစ်မြို့နယ်ကို လာရောက်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

“ အခု မြို့နယ် ရွေးချယ်ရေး အတွက် ဆိုရင် အဖက်ဖက်က ဖွံ့ဖြိုးမှု နည်းပါးတဲ့ ညွန်းကိန်း၊ ညွှန်းကိန်းတွေပေါ်မှာလည်း ကျမတို့ အခြေခံပါမယ်၊ ပြီးလို့ရှိရင် ဒေသအတွင်းမှာ ရှိတဲ့ အခြားအဖွဲ့အစည်းများရဲ့ ထောက်ပံ့မှု ရှိမရှိဆိုတာလည်း အခြေခံ ပါမယ်၊ အခု ဒီနေ့ အစည်းအဝေးမှာ တက်ရောက်လာကြတဲ့ အရပ်ဖက် အဖွဲ့အစည်း အသီးသီးရယ်၊ ဌာနဆိုင်ရာ အဖွဲ့အစည်း အသီးသီးတွေရယ်၊ ဝိုင်းဝန်း ဆွေးနွေး အကြံပြုပီးတော့ စီမံကိန်းကို ရွေးချယ်သွားမှာ ဖြစ်ပါတယ်၊ ဒီမှာ ရွေးချယ်ရေး အဖွဲ့တွေက ရွေးချယ်ပြီးလို့ ရှိရင် စီမံကိန်း ၂ မြို့နယ် ထွက်ပေါ်လာပါမယ်၊ အဲဒီ ၂ မြို့နယ်အပေါ်မှာ ဒီမှာရှိတဲ့ ဝန်ကြီးချုပ်ကနေပြီးတော့ တစ်မြို့နယ်ကို သဘောထား မှတ်ချက်ပြုပြီး၊ ကျမတို့ ပြည်ထောင်စု ဝန်ကြီးဌာနကို ပေးပို့တဲ့အခါမှာ Cabinet Sub-Committee ကို ကျမတို့ ဆက်လက်တင်ပြမှာ ဖြစ်ပါတယ်။ ခွင့်ပြုချက် ရရှိပြီးပြီဆိုရင် ကျမတို့ စီမံကိန်းကို စတင် အကောင်အထည်ဖော်မှာ ဖြစ်တဲ့အတွက် အနီးစပ်ဆုံးကတော့ လာမယ့် ၂၀၂၁ မှာ ဖြစ်ပါမယ်ရှင့်” - ဒေါ်မီမီထွေး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန

လူထု ဗဟိုပြု စီမံကိန်းဟာ ဆိုရင်တော့ ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ဒေသတွေကို ရွေးချယ်ပြီး၊ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို လူထု ကိုယ်တိုင် ကြီးကြပ်ကွပ်ကဲ အကောင်အထည်ဖော်ရတာ ဖြစ်ကာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေး၊ ရေရရှိရေး၊ လျှပ်စစ် မီးလင်းရေး အစရှိတဲ့ လုပ်ငန်းတွေကို ဦးစားပေးအဆင့်တွေနဲ့ တွက်ချက်ဆောင်ရွက်ပေးရတာ ဖြစ်တယ်လို့ သိရပါတယ်။

“အရင်ဦးဆုံးပေါ့နော် ရွာကို သွားတဲ့အချိန်မှာ ကျေးရွာလူထုရဲ့ လိုအပ်နေတဲ့အရာပေါ့နော် ဘာတွေလိုအပ် နေတယ်ဆိုတာ ကျမတို့က တစ်ရွာလုံးနဲ့ အရင်ဦးဆုံး ဖော်ထုတ်ရတယ်၊ ဖော်ထုတ်ပြီးတော့ အဲဒီကရလာတဲ့ ဥစ္စာကို ဦးစားပေးအဆင့်အနေနဲ့ ကွင်းဆင်းပြီး ကြည့်ရတာပေါ့နော်၊ ကွင်းဆင်းကြည့်ပြီးတော့မှာ အဲဒီ ဥစ္စာကို ကျေးရွာလူထုနဲ့ တိုင်ပင်ပြီးတော့ ကျမတို့ အင်္ဂျင်နီယာလေးတွေကို ခန့်မှန်းကုန်ကျစရိတ်ကို တွက်ချက်ပြီးတော့မှ ရွာနဲ့ ဆွေးနွေးပြီး လုပ်ရတာပေါ့နော် စီမံကိန်းက ရွာအတွက်ကော ကျေးရွာလူထုအတွက်ကော အရမ်းအကျိုးရှိတဲ့ စီမံကိန်း ဆိုတော့ ရသွားတဲ့ မြို့နယ်ကတော့ အရမ်းကို အကျိုးကျေးဇူးများမှာပေါ့နော်” - ဒေါ်ဖူးအိခိုင်၊ အခြေခံ အဆောက်အဦ ပိုင်းဆိုင်ရာ နည်းပညာ အကြံပေး၊ မန္တလေးတိုင်းဒေသကြီးအဖွဲ့

စီမံကိန်းကာလ လေးနှစ် သတ်မှတ်ပြီး ဆောင်ရွက်လုပ်ကိုင်ပေးနေတဲ့ ဒီစီမံကိန်းမှာတော့ မန္တလေးတိုင်းဒေသကြီးက မြို့နယ် ၅ မြို့နယ်ဖြစ်တဲ့ ငါးဇွန်၊ ညောင်ဦး၊ ရမည်းသင်း၊ ပျော်ဘွယ်၊ နထိုးကြီးတို့ ပါဝင်တယ် ဖြစ်တယ်လို့ သိရကာ စီမံကိန်း စက်ဝန်းအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

https://www.mrtv.gov.mm/mm/news-64855?fbclid=IwAR3a6cbemLpbTUHwkBsErn_hw...