လှိုင်းဘွဲ့မြို့နယ် ပြည်သာယာ ကွန်ကရစ် လမ်းဖွင့်ပွဲ ကရင်ပြည်နယ် ဝန်ကြီးချုပ်တက်ရောက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနနဲ့ ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်နေတဲ့ လူထုဗဟိုပြုစီမံကိန်း ဒုတိယနှစ် စက်ဝန်း ကြာအင်းကျေးရွာ အုပ်စု၊ ဝိုင်းထော်ကျေးရွာ ပြည်သာယာ ကွန်ကရစ် လမ်းဖွင့်ပွဲ အခမ်းအနားကို မနက် ၉ နာရီ အချိန်က အဲဒီ ကွန်ကရစ် လမ်းပေါ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

အခမ်းအနားမှာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်က အဖွင့်အမှာ စကားပြောကြားပြီး၊ ဝိုင်းထော်ကျောင်း ဆရာတော် ဦး ကုဏ္ဍလကမှ ဩဝါဒစကား မိန့်ကြားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ကွန်ကရစ်လမ်းဖွင့်ပဲ အထိမ်းအမှတ်အလံပေးအပ်ပါတယ်။

 

အဲဒီနောက်မှာတော့ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ကရင်ပြည်နယ် လွှတ်တော် ဥက္ကဌ ဦးစောချစ်ခင်၊ ကရင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစောမြင့်ဦး၊ ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ ဝိုင်းထော်ကျောင်း ဆရာတော် ဦးကုဏ္ဍလ တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါတယ်။

 

အဲဒီ ကျေးရွာ ကွန်ကရစ် လမ်းခင်းခြင်းဟာ အရှည် ၁၃၂၀ ပေ၊ အကျယ် ၁၄ ပေ၊ အမြင့် ၆ လက်မ ထုခင်းခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၂၆၀၊ ကျေးရွာလူထု ထည့်ဝင်ငွေ ၅၀ ဒဿမ ၆ သိန်းနဲ့ ဆောင်ရွက်နိုင်ခဲ့ပြီး၊ ဝိုင်းထော်ကျေးရွာ အပါအဝင် ကြာအင်းကျေးရွာ၊ ကွန်းတော ကျေးရွာ၊ ကွီးလေး ကျေးရွာ၊ ကမထ ကျေးရွာတွေက အိမ်ထောင်စု ၁၅၉၀၊ လူဦးရေ ၉၁၁၃ ဦးတို့ အတွက် အကျိုးပြုမှာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း- စိုးမိုးကျော်၊ ခင်စန်းမြင့် (ပြန်/ဆက်)