ထီးလင်း မြို့နယ် ဆည်းလည်းကျေးရွာ ခန်းမဆောင်အား ကြည့်ရှု့စစ်ဆေး

တိုင်းကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Regional Infrastructure & Safeguard Assistant ဒေါ်ပန်းအိမိုမိုက မေလ ၃၀ ရက်နေ့ မနက်ပိုင်းက မကွေးတိုင်း ဒေသကြီး ဂန့်ကောခရိုင် ထီးလင်း မြို့နယ် ဆည်းလည်း ကျေးရွာ အုပ်စု ဆည်းလည်းကျေးရွာရှိ လူထုဗဟိုပြု စီမံကိန်းနဲ့ ကျေးရွာ လူထုတို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ထားတဲ့ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်မှုကို ကွင်းဆင်း စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

 

ထိုကဲ့သို့ ကွင်းဆင်း စစ်ဆေးရာမှာ နည်းပညာ ပိုင်း ဆိုင်ရာ မှန်ကန်မှု ရှိမရှိ၊ ပစ္စည်း အရည်အသွေးပိုင်း ဆိုင်ရာများ လိုအပ်ချက်များကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး လိုအပ်တာများကို နယ်မြေခံ လက်ထောက်နည်းပညာမှူး ဦးမင်းဦးတို့နဲ့ ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရပါတယ်။

 

အဲဒီနောက် ကော်မတီဝင်များက ကျေးရွာရှိ အခြေခံ အဆောက်အအုံများအား ရေရှည်တည်တံ့ခိုင်မြဲရေးနဲ့ ပတ်သတ်ပြီး၊ လုပ်ငန်း တစ်ခုချင်းစီအလိုက် ရေးဆွဲထားတဲ့ လည်ပတ် ထိန်းသိမ်းရေး အစီအစဉ်များ၊ ငွေကြေး ကောက်ခံ ရရှိမှု အသုံးပြုထားမှု၊ စာရင်းဇယား ထားရှိမှုများကို ကြည့်ရှု့ စစ်ဆေးခဲ့ပြီး၊ ကော်မတီများအား လိုအပ်သည်များကို လမ်းညွှန် မှာကြားခဲ့ပါတယ်။

 

အဆိုပါ ခန်းမဆောင်မှာ သွပ်မိုး အုတ်ညှပ် တစ်ထပ်ဆောင် ဖြစ်ပြီးတော့ လူထုဗဟိုပြု စီမံကိန်း ပံ့ပိုးငွေ၊ ကျေးရွာ လူထု ထည့်ဝင်ငွေများဖြင့် ကျေးရွာလူထု ကိုယ်တိုင် ပူးပေါင်း အကောင်အထည်ဖော် တည်ဆောက်ခဲ့တာ ဖြစ်ကြောင်း သိရပါတယ်။

 

ဆည်းလည်းကျေးရွာက အိမ်ခြေ ၁၄၆ အိမ်၊ လူဦးရေ ၇၄၄ ယောက် ရှိပြီးတော့ ကြီးကြီးမားမား အဆောက်အဦးတွေ မရှိလို့ ရပ်ရွာမှာ မင်္ဂလာဆောင် အလှူအတန်း၊ သာရေး နာရေး အစည်းအဝေးလုပ်တဲ့အခါ များစွာ အခက်အခဲ ရှိပြီး၊ ခန်းမဆောင် ဆောက်လုပ်ပြီးစီးပါက နေရာ အခက်အခဲ ဖြစ်နေတာတွေ အားလုံး အဆင်ပြေသွားမှာ ဖြစ်ကြောင်း စီမံကိန်း အထောက်အကူပြု ကော်မတီ ဥက္ကဌ ဒေါ်တင်မြင့်ထံကနေ သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank