သဲကုန်းမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်း ကွင်းဆင်း စစ်ဆေး

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက်ရှိတဲ့ အလယ်၊ တောင်ကျောင်း၊ အောင်ကုန်း ကျေးရွာ သုံးရွာမှာ ဆောင်ရွက်နေတဲ့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းတွေကို ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင် ဦးစီးမှူးနဲ့ တာဝန်ရှိသူတွေဟာ ဇွန်လ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ပြည်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသိန်းထိုက်ဦး၊ သဲကုန်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးအောင်မြတ်ထွန်းနဲ့ လူထု ဗဟိုပြု စီမံကိန်းမှ တာဝန်ရှိသူတွေဟာ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေတွေကို ကွင်းဆင်း စစ်ဆေးရာမှာ ကျေးရွာ ဖွံ့ဖြိုးရေး ကော်မတီဝင်တွေက လိုက်လံ ရှင်းလင်း ပြသခဲ့ပြီးတော့ လုပ်ငန်း အချိန်မှီ ပြီးစီးရေး သတ်မှတ် စံချိန် စံညွှန်းတွေ ပြည့်မှီရေး အလေးထား ဆောင်ရွက်သွားကြဖို့ ခရိုင် ဦးစီးမှူးက ဆွေးနွေးမှာကြားခဲ့ပါတယ်။

အလယ် ကျေးရွာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခွင့်ပြု ရန်ပုံငွေကျပ် ၂၂ ဒဿမ ၇၈ သန်းနဲ့ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ တောင်ချောင်းကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၂ ဒဿမ ၆၀၈ သန်းနဲ့ အရှည် ၈၁၅ ပေ ၊ အကျယ် ၁၀ ပေ၊ ထု ၆ လက်မ ရှိတဲ့ ကျေးရွာတွင်းလမ်း ကွန်ကရစ် ခင်းခြင်း လုပ်ငန်း၊ အောင်ကုန်းကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေကျပ် ၁၅ ဒဿမ ၀၂၁၇ သန်းနဲ့ အလယ်တန်း ကျောင်းဆောင် တည်ဆောက်ခြင်းနဲ့ ၂ ခန်းတွဲ အိမ်သာ တည်ဆောက်ခြင်း လုပ်ငန်းတွေကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အင်ဂျင်နီယာတွေ လူထု ဗဟိုပြု စီမံကိန်းမှ လက်ထောက် နည်းပညာမှူး လူထု စည်းရုံးရေးမှူးတွေရဲ့ နည်းပညာ အကူအညီနဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

သတင်း - ငြိမ်းသူ (စလင်း)

Credit- SkyNet Media Coverage

#NCDDP #DRD #MOALI #WorldBank