ပဇင်းချောင် ကျေးရွာရှိ ရေရရှိရေးနှင့် မီးလင်းရေး လုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး လူထု ဗဟိုပြု စီမံကိန်း အကြံပေး ဦးမောင်ပို ၊ ထီးလင်းမြို့နယ် လူထု ဗဟိုပြု စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဦးတင်ဝင်းနဲ့ တာဝန်ရှိသူများက ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းက ဂန့်ကော ခရိုင် ထီးလင်းမြို့နယ် ပဇင်းချောင် ကျေးရွာ အုပ်စု ပဇင်းချောင် ကျေးရွာရှိ ဘက်စုံသုံး ခန်းမဆောင်သို့ ရောက်ရှိရာ လူထု ဗဟိုပြု စီမံကိန်း ကော်မတီဝင်များနဲ့ တွေ့ဆုံပြီး၊ ကျေးရွာ မီးလင်းရေး လုပ်ငန်းများနဲ့ ရေပေးဝေရေး လုပ်ငန်းများ ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ဆွေးနွေးခဲ့ပါတယ်။

 

ဆက်လက်ပြီး မြို့နယ် နည်းပညာ အကြံပေးအဖွဲ့ ဦးတင်ဝင်းက လည်ပတ်ပြုပြင် ထိန်းသိမ်းရေး အစီအစဉ် ဆောင်ရွက်ထားရှိမှုများ၊ ငွေကြေး ကောက်ခံ ရရှိမှုနဲ့ အသုံးပြုထားမှု အခြေအနေများကို ဆွေးနွေး ခဲ့ကြောင်း သိရပါတယ်။

 

အဲဒီနောက် ကျေးရွာ ရှိ မီးတိုင် မီးကြိုး တပ်ဆင်ထားမှု၊ ရေစင် တည်ဆောက်ထားမှု ရေတင်စက်ရုံရှိ အင်ဂျင်နဲ့ ဒိုင်နမို တပ်ဆင်ထားမှုများကို ကြည့်ရှု့ စစ်ဆေးကာ နည်းပညာ ပိုင်းဆိုင်ရာ လိုအပ်ချက်များကို ကျေးရွာ တာဝန်ကျ လက်ထောက် နည်းပညာမှူး ဒေါ် စု ရတနာ သိန်းနဲ့ လူထု စည်းရုံးရေးမှူး ဦးဉာဏ်ပြည့်တို့ အား လမ်းညွှန် မှာကြားခဲ့ကြောင်း သိရပါတယ်။

 

ရေရရှိရေးနှင့် မီးလင်းရေး လုပ်ငန်း ၂ ခုစလုံး အတွက် စီမံကိန်း ပံ့ပိုးငွေကျပ် ၂၇၁ သိန်း၊ ကျေးရွာ ထည့်ဝင်ငွေ ၅ သိန်း ဖြစ်ကြောင်း သိရပြီးတော့ အဆိုပါ လုပ်ငန်းများကို ဇူလိုင်လ ဒုတိယပတ်အတွင်း အပြီးဆောင်ရွက်သွားမှာ ဖြစ်ပြီး၊ အဆိုပါ လုပ်ငန်း ပြီးပါက အိမ်ထောင်စု ၃၈ အိမ်၊ လူဦးရေ ၁၆၄ ဦးအတွက် အကျိုးခံစားခွင့် ရှိမှာ ဖြစ်ကြောင်း သိရပါတယ်။

 

သတင်း - ဉာဏ်တိုး (ပေါက်)

Credit – SkyNet Media Coverage

#NCDDP, #DRD, # MOALI, # WorldBank