ချင်းပြည်နယ်၀န်ကြီးချုပ် ဦးဆလိုင်းလျန်လွယ် - ကမ္ဘာ့ဘဏ်၏အကူအညီဖြင့် လူထုဗဟိုပြုစီမံကိန်းထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး၊ အကြံဉာဏ်ရယူခြင်းအခမ်းအနားတက်ရောက်

ကမ္ဘာ့ဘဏ်၏အကူအညီနဲ့ လူထုဗဟိုပြုစီမံကိန်းထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး၊ အကြံဉာဏ်ရယူခြင်းအခမ်းအနားကို ဒီနေ့ (ဇန်နဝါရီလ ၂၁ ရက်) မနက်ပိုင်းက ဟားခါးမြို့ ကာဆင်ခန်းမတွင် ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်းလျန်လွယ်က မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသများမှာ အခြေခံ အဆောက်အဦးနဲ့ လူထုလိုအပ်ချက်များကို ဖြည့်စွမ်းပေးမယ့် လူထုဗဟိုပြု စီမံကိန်းကို ၂၀၁၃ ခုနှစ် မှ စတင် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ နိုင်ငံတစ်ဝန်း ၆၃ မြို့နယ်တွင် ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းနှစ်များအတွင်း ကျေးလက်နေ လူဦးရေ ၇ သန်းကျော်ခန့်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုနိုင်ခဲ့ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက် နည်းပညာဆိုင်ရာ သင်တန်းပေးခြင်းတို့ကို ကူညီပေးလျက်ရှိကြောင်း၊ ဒါကြောင့် ချင်းပြည်နယ်အနေနဲ့လည်း ဒေသခံပြည်သူတွေရဲ့ ဖွံ့ဖြိုးရေး လိုအပ်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ဖို့အတွက် ပွင့်လင်းမြင်သာစွာ ဆွေးနွေးသွားကြရန်နှင့် မြို့နယ်ရွေးချယ်ပြီးစီးပြီး၊ စီမံကိန်းလုပ်ငန်းစဉ် စတင်အကောင်အထည်ဖော်ဆောင်ရွက်ချိန်မှာလည်း ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကျေးရွာလူထုများနဲ့ သက်ဆိုင်သူအားလုံးက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် ပြောကြားပါတယ်။

ဆက်လက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှုးချုပ် ဦးမောင်ဝင်းက မိတ်ဆက် အမှာစကား ပြောကြားပြီး၊ ညွှန်ကြားရေးမှုး ဦးကျော်စွာအောင်က စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများရဲ့ မေးမြန်းဆွေးနွေးချက်များအား ညွှန်ကြားရေးမှုးက ပြန်လည်ရှင်းလင်း ဆွေးနွေးပါတယ်။ အဲဒီနောက် အုပ်စုငယ်များ ခွဲပြီး သတ်မှတ်ချက်များအတိုင်း လူထုဗဟိုပြု စီမံကိန်း မြို့နယ်ကို ရွေးချယ်ခဲ့‌ကြောင်း သိရှိရပါတယ်။

သတင်း - ဟားခါး ပြန်ဆက်

Credit – MRTV Media Coverage