လူထုဗဟိုပြု စီမံကိန်း လုပ်ငန်းခွဲများ ညှိနှိုင်းခြင်း အစည်းအဝေး တွန်းဇံတွင် ကျင်းပ

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ်မှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကမ္ဘာ့ဘဏ်နဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်းအတွက် စီမံကိန်း လုပ်ငန်းခွဲများ ညှိနှိုင်းခြင်း အစည်းအဝေးကို ဖေဖေါ်ဝါရီလ ၄ ရက် မနက် ၁၁ နာရီက မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှာ ကျင်းပ ပါတယ်။

အခမ်းအနားမှာ မြို့နယ် စီမံခန့်ခွဲရေး ကော်မတီ ဥက္ကဌ ဦးဆလိုင်းထောင်းက လူထုဗဟိုပြုစီမံကိန်း ပထမနှစ်၊ ဒုတိယနှစ်စီမံကိန်းစက်၀န်းကို သတ်မှတ် စံချိန် စံညွှန်းအတိုင်း အရည်အသွေးပြည့်မှီစွာ အချိန်မှီ ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောဆိုထားပြီး၊ စီမံကိန်း ဝန်ထမ်းတွေ အနေနဲ့ လူထု အတွက် အမှန်တစ်ကယ်လိုအပ်တဲ့ လုပ်ငန်းခွဲတွေ ရရှိစေရေး စည်းရုံးဆောင်ရွက်သွားကြဖို့ မှာကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့ မြို့နယ် ကျေးလက် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးနန်ဒိုးဆူမ်းမန်နဲ့ မြို့နယ် နည်းပညာ အကြံပေး အဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းတို့က စီမံကိန်း တတိယနှစ်စက်၀န်းအတွက် ကျေးရွာအုပ်စု ၁၂ အုပ်စု၊ ကျေးရွာ ၁၇ ရွာမှ စီမံကိန်းလုပ်ငန်းခွဲ ၁၇ ခုကိုတင်ပြရာမှာ တက်ရောက်လာသူတွေက တခြားသော ဦးစီးဌာနတွေနဲ့ တိုက်ဆိုင်မှု မရှိစေရေး စီစစ်ပြီး လိုအပ်တာတွေကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ ၁၅ ရွာက လုပ်ငန်းခွဲ ၁၅ ခုကို ခွင့်ပြုဖို့ သဘောတူပြီး ကျန်တဲ့ ကျေးရွာအုပ်စု ၂ အုပ်စု၊ ကျေးရွာ ၂ ရွာက လုပ်ငန်းခွဲ ၂ ခုကို ပြန်လည်စီစစ်တင်ပြဖို့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank