တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင် လူထုဗဟိုပြုစီမံကိန်းကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့အကောင်အထည်ဖော်နိုင်ရေး အတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူခြင်း အစည်းအဝေးသို့ တက်ရောက်

ထားဝယ် ဖေဖော်ဝါရီ ၇၊ Ministry of Information Media Coverage

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြု စီမံကိန်းကို တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရ ယူခြင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီက ထားဝယ်မြို့၊ ဟိုတယ် ထားဝယ်၌ကျင်းပခဲ့သည်။

အစည်းအဝေးတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြင့်မောင်က အဖွင့်အမှာစကား ပြောကြားရာ၌ လူထုဗဟိုပြုစီမံကိန်းကို တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက်မှ မြို့နယ်(၁)မြို့နယ်ကိုတွင် ထပ်မံ ရွေးချယ်ပြီး၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် သတ္တမနှစ်စက်ဝန်းတွင် လုပ်ငန်းအကောင်အထည်ဖော်နိုင်ရန်အတွက် အကြံဉာဏ်ရယူဆွေးနွေးကြမည့် အစည်းအဝေး ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်အားဖြည့်သည့်အနေဖြင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်၍ ကမ္ဘာ့ဘဏ်က ထောက်ပံ့ငွေ၊ ချေးငွေအီတလီအစိုးရက အတိုးမဲ့နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရက ထည့်ဝင်ငွေများဖြင့် လူထုဗဟိုပြု စီမံကိန်း (Community Driven Development-CDD Project)ကို တိုင်းဒေသကြီး/ပြည်နယ်များရှိ မြို့နယ်ပေါင်း (၆၃)မြို့နယ်တွင် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း၊ စီမံကိန်းသတ္တမနှစ် စက်ဝန်းတွင် (၁၃)မြို့နယ် တိုးချဲ့လျာထားချက်အရ တနင်္သာရီတိုင်းဒေသကြီး၌ မြို့နယ်(၁)မြို့နယ် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်မှာ ဖြစ်ကြောင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ် တို့က လိုအပ်သည့် လုပ်ငန်းစဉ်များ အားလုံး ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် တိုင်းဒေသကြီး၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် ပူးပေါင်း ဆောင်ရွက်ပေးကြရန်လိုကြောင်း ပြောကြားသည်။

ယင်းနောက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်က တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် စီမံကိန်း ပြီးစီးခဲ့သည်မှာ ကျွန်းစုမြို့နယ်နှင့် တနင်္သာရီမြို့နယ် တို့ဖြစ်ကြောင်း ထပ်မံတိုးချဲ့ရန်အတွက် တိုင်းဒေသကြီးမှ (၁)မြို့နယ်ကို ထပ်မံ ရွေးချယ်သွားမှာဖြစ်သည့်အတွက် ယခုလို ဧည့်သည်တော်များနှင့် တွေ့ဆုံ၍ အကြံဉာဏ် ရယူခြင်းဖြစ်ကြောင်း၊ သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီသည့် အသင့်တော်ဆုံး မြို့နယ်များ ပေါ်ထွက်လာစေရန် ဝိုင်းဝန်း၍ပါဝင် ဆွေးနွေး ပေးစေလိုကြောင်း ပြောကြားပြီး ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကြောင်းမိတ်ဆက်ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍တက်ရောက်လာကြသူများက စီမံကိန်းအကြောင်းသိရှီလိုသည်များကိုမေးမြန်းဆွေးနွေး ပြီးအုပ်စုငယ်များခွဲ၍ သတ်မှတ်ချက်များအတိုင်း မြို့နယ်များရွေးချယ်ရာ ပထမဦးစားပေး ပုလောမြို့နယ်နှင့် ဒုတိယဦးစီးပေးကော့သောင်းမြို့နယ် တို့အား ရွေးချယ်ကာ ညွှန်ကြားရေးမှူး ဦးလှခိုင်က ဆွေးနွေးချက်ရလဒ်များအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးမြင့်စန်း က အမှာစကား ပြောကြားခဲ့သည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ကမ္ဘာ့ဘဏ်မှ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဦးကျော်ကျော်လတ်(IPRD) (ခရိုင်ပြန်/ဆက်)

Credit - the Ministry of Information