ကချင်ပြည်နယ်အတွင်း လူထုဗဟိုပြု စီမံကိန်း တိုးချဲ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း မြို့နယ် ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ မှာ ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကချင်ပြည်နယ်အတွင်း လူထုဗဟိုပြု စီမံကိန်း တိုးချဲ့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်း မြို့နယ် ရွေးချယ်ခြင်း အကြံဉာဏ် ရယူခြင်း အစည်းအဝေး ကျင်ပရာ ကချင် ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က အဖွင့်အမှာစကားပြောကြား ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်က မိတ်ဆက်စကားပြောကြားခဲ့ပြီး၊ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က စီမံကိန်းအကြောင်း မိတ်ဆက်ခြင်းနဲ့ စီမံကိန်း ရွေးချယ်ရေး စည်းမျဉ်းများ ရှင်းလင်းခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။

ဆက်လက်ပြီး အခမ်းအနား တက်ရောက်လာသူများအား အဖွဲ့ ၁၀ ဖွဲ့ ဖွဲ့စည်းပြီး၊ စီမံကိန်း မြို့နယ်ရွေးချယ်ပွဲများ ဆောင်ရွက်ခဲ့ကြပြီး၊ ညွှန်ကြားရေးမှူး ဦးကျော်စွာအောင်မှ အဖွဲ့များရဲ့ ဆွေးနွေးမှု ရလာဒ်များအရ ပထမ ဦးစားပေး ဝိုင်းမော်မြို့နယ်၊ ဒုတိယ ဦးစားပေး မိုးညှင်းမြို့နယ်များရဲ့ အမည် စာရင်းများကို ကြေညာခဲ့ပြီး၊ ကချင်ပြည်နယ် အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးကျော်ကျော်ဝင်းက နိဂုံးချုပ် အမှာ စကားပြောကြားကာ အခမ်းအနားကို မွန်းလွဲ တစ်နာရီမှာ ရုတ်သိမ်းခဲ့ပါတယ်။

လူထု ဗဟိုပြု စီမံကိန်း မြို့နယ်ရွေးချယ်ရေး အခမ်းအနားကို ပြည်နယ် လွှတ်တော် ဥက္ကဌ ၊ ပြည်နယ် စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ NGOs, INGOs, CSOs များ၊ ရပ်မိရပ်ဖများနဲ့ စိတ်ပါဝင်စားသူ စုစုပေါင်း ၇၂၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

သတင်း - ဧဧလေး

Credit - SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank