ကျေးရွာအဆင့် စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များအတွက် ကျား-မ ရေးရာသင်တန်း ဆီဆိုင်မြို့နယ်တွင် ကျင်းပ

ရှမ်းပြည်နယ်တောင်ပိုင်း ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ် စက်ဝန်းမှာ ကျေးရွာအဆင့် စီမံကိန်း အထောက်အကူပြု ကော်မတီဝင်များအတွက် ကျား-မ ရေးရာ သင်တန်းကို မတ်လ ၁၁ ရက်နေ့ ကုန်းဆွတ်ကျေးရွာအုပ်စု၊ မွေတော် နမ့်စစ် ကျေးရွာ ခန်းမဆောင်မှာ ကျင်းပခဲ့ပါတယ်။

သင်တန်းပို့ချရခြင်း ရည်ရွယ်ချက်မှာ ကျား-မ ရေးရာ အခန်းကဏ္ဍများကို နားလည်စေရန်နှင့် မတူညီတဲ့ အခန်းကဏ္ဍများက အခြေခံ အဆောက်အဦး ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများမှာ အမျိုးသမီးများ ပူးပေါင်း ပါဝင် လာရေးအတွက် အကျိုးသက်ရောက်ပုံကို နားလည်စေရန် အမျိုးသမီးများရဲ့ ပူးပေါင်း ပါဝင်မှုကို မြှင့်တင်ရန်နှင့် ကော်မတီဝင် အမျိုးသမီးများရဲ့ လုပ်ငန်း တာဝန်အသစ်များနဲ့ အခန်းကဏ္ဍအသစ်များအား ၎င်းတို့ကိုယ်တိုင် စီမံခန့်ခွဲတတ်စေခြင်းကို အားပေးရန် ရည်ရွယ်ပါတယ်။

အဆိုပါ သင်တန်းကို မြို့နယ် နည်းပညာ အကြံပေး ကျား-မ ရေးရာ တာဝန်ခံ ဒေါ်ရင်ရင်အေးနဲ့ လူထုစည်းရုံးရေးမှူး စိုင်းအောင်ပ၊ စိုင်းစွမ်မိုင်း၊ ခွန်မောင်အေး တို့က ပို့ချခဲ့ရာ ကျေးရွာ ၉ ရွာမှာ ကော်မတီ ကျား ၂၅၊ မ ၃၈ စုစုပေါင်း ၆၃ ဦး တက်ရောက်ခဲ့ကြပါတယ်။

သတင်း - တင်အောင်မိုးမြင့်

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank