တွန်းဇံမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မှ စည်းရုံးရေးမှူးများ မွမ်းမံသင်တန်း အပိုင်း(၁)ကျင်းပပြုလုပ်

ဖေလ ၂၀၂၀ ခုနှစ်၊ ၆ ရက်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တွန်းဇံမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း)မှ စည်းရုံးရေးမှူးများ မွမ်းမံသင်တန်းအပိုင်း(၁) ဖွင့်ပွဲအခမ်းအနားကို (၂၈.၁.၂၀၂၀)ရက်နေ့ နံနက် (၉:၃၀)အချိန်တွင် တွန်းဇံမြို့၊ RC ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဦးနန်ဒိုဆူမ်းမန်နှင့်ဒု-ဦးစီးမှူး ဦးထောင်ဆွင်းမုန်တို့မှ အမှာစကား ပြောကြားခဲ့ကြရာ တွန်းဇံမြို့နယ် လူထုဗဟိုပြုစီမံကိန်းအောင်မြင်ရေးအတွက် တွန်းဇံမြို့နယ် စီမံကိန်းဝန်ထမ်းများအားလုံး (DRD&CDD) စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခဲ့သည့်အတွက် ဦးစီးဌာနအနေဖြင့် ကျေးဇူးတင် ရှိပါကြောင်း၊ နောင်လာမည့် စီမံကိန်းစက်ဝန်းများတွင်လည်း အတူတကွ လုပ်ဆောင်ကြပါရန် တိုက်တွန်းပြောကြားခဲ့ပါသည်။

ဆက်လက်၍ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်ဇင်မာထွန်းမှ မွမ်းမံသင်တန်း ပေးရသည့် ရည်ရွယ်ချက်များ၊ တတိယနှစ်စက်ဝန်းအတွက် မွမ်းမံသင်တန်းဖြစ်သည့်အတွက် ယခင် နှစ်များမှ သင်ခန်းစာအတွေ့အကြုံများကိုရယူပြီး ယခုလာမည့်စက်ဝန်းတွင် ပိုမိုကောင်းမွန်လာစေရေးအတွက် စနစ်တကျ လုပ်ဆောင်ကြပါရန်ပြောကြားခဲ့ပါသည်။