မယ်စဲ့မြို့နယ်တွင် လေးနှစ်တာအတွင်း ဆောင်ရွက်ခဲ့သော လူထုဗဟိုပြု စီမံကိန်းနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်

မယ်စဲ့ ၁၇ အောက်တိုဘာ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့မြို့နယ် လူထုဗဟိုပြု စီမံကိန်း (၄)နှစ်တာ ကာလအတွင်း ဆောင်ရွက် ပြီးစီးခဲ့သော စီမံကိန်း လုပ်ငန်းခွဲများနှင့် ပတ်သက်သည့် စာရွက်စာတမ်းများ လွှဲပြောင်း ပေးအပ်ခြင်းကို ယနေ့နံနက်က မယ်စဲ့ကျေးရွာအုပ်စု၊ ပန်တိန်းကျေးရွာ ခန်းမဆောင်၌ ကျင်းပခဲ့သည်။

အဆိုပါ လွှဲပြောင်း ပေးအပ်ပွဲတွင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦးက လူထုဗဟိုပြု စီမံကိန်းထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခဲ့သော ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ရေရှည် တည်တံ့စေရေး ကျေးရွာ ပြည်သူများနှင့် ကျေးရွာ ကော်မတီဝင်များက ဝိုင်းဝန်း ထိန်းသိမ်းကြရန် မှာကြား ဆွေးနွေးပြီး မြို့နယ် စီမံကိန်း တာဝန်ခံ ဦးကလောရယ်က စီမံကိန်းနှင့် သက်ဆိုင်သည့် စာရွက်စာတမ်းများအား ၈ နှစ်ကြာ ထိန်းသိမ်းထားရ မည်ဖြစ်ကြောင်း နှင့် သက်ဆိုင်ရာဌာနဆိုင်ရာဖြစ်စေ၊ အခြား အဖွဲ့အစည်းမှ ဖြစ်စေ လာရောက် စစ်ဆေးပါက အစစ်ဆေးခံနိုင်ရေး ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ် ဦးစီးမှူး ဦးအောင်ကျော်ဦးနှင့် မြို့နယ် စီမံကိန်း တာဝန်ခံ ဦးကလောရယ်တို့က လူထုဗဟိုပြု စီမံကိန်း (၄)နှစ်တာအတွင်း ဆောင်ရွက် ပြီးစီးခဲ့သော စီမံကိန်း လုပ်ငန်းခွဲများနှင့် ပတ်သက်သော ဖိုင်များ၊ ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ စီမံကိန်းနှင့် သက်ဆိုင်သော ဖိုင်များအား ပန်တိန်း၊ ဟိုစဲ့၊ ဝမ်ကန်ကျေးရွာတို့မှ ကျေးရွာစီမံကိန်း အထောက်အကူပြု ကော်မတီဝင်များထံ လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)

http://www.mdn.gov.mm/my/mycaimiunyttng-lencttaaattng-cheaangrkkhaiseaa-luuthubhiupuciimnkinnng-pttsksnny-caarkcaattmmaa