ရွှေကူမြို့ ကျေးရွာ ၂ ရွာတွင် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းတွေအတွက် လူထု စစ်ဆေးပွဲ ကျင်းပ

Social Audit Conducted for NCDDP’s Sub-project Activities in 2 Villages of Shwegu

Kachin, 25 October 2020, SkyNet Media Coverage

ကချင်ပြည်နယ် ရွှေကူမြို့နယ် စီမော် ကျေးရွာ အုပ်စု မိုးကင့် ကျေးရွာမှာ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်း အရ မြေသား တာဘောင် သဲကျောက်လမ်းခင်းခြင်း လုပ်ငန်းကို ဩဂုတ် ၁၃ ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ ယခုအခါ လုပ်ငန်း အားလုံး အောင်မြင်စွာ အပြီးသတ် ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီ မြေသားတာဘောင် သဲကျောက်လမ်းကို ကျေးရွာလူထု လှူဒါန်းငွေကျပ် သုည ဒသမ ၅၆၇ သန်းနဲ့ စီမံကိန်း ထောက်ပံ့ငွေ ကျပ် ၉ ဒသမ ၆၅ သန်းကျော် အကုန်ကျခံပြီး ဆောင်ရွက်ခဲ့တာပါ။

အခုလ ၁၅ ရက်ကလည်း မြေသားတာဘောင် သဲကျောက်လမ်းခင်းတဲ့ လုပ်ငန်းကို ဆောင်ရွက်ခဲ့တာကြောင့် လူထု စစ်ဆေးပွဲကို မိုးကင့် ကျေးရွာမှာ ပြုလုပ်ခဲ့ရာ ကိုဗစ်-၁၉ ကာလအတွင်း လူစုလူဝေး မဖြစ်စေဖို့အတွက် စာရင်း ဇယားတွေကို ကျေးရွာ ကြော်ငြာသင်ပုန်းမှာ ကပ်တာ အသံချဲ့စက်နဲ့ အသိပေးကြော်ငြာတာ အိမ်တိုင်းစေ့ သွားရောက်ပြီး ကျေးရွာလူထုရဲ့ စိတ်ကျေနပ်မှု မဲဆန္ဒကို ကောက်ယူခဲ့တယ်လို့ သိရပါတယ်။

ဆောင်ရွက်ခဲ့တဲ့ စီမံကိန်း ဆောင်ရွက်ချက်တွေကို ကျေးရွာလူထု အနေနဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ်တွေ အပေါ် စိတ်ကျေနပ်မှုတွေကို မဲပေးစံနစ်နဲ့ မဲတွေ ထည့်ပေးနိုင်ဖို့ ကျေးရွာ လူထုရဲ့ အကြံပြုချက်တွေကို ရရှိဖို့ ရည်ရွယ်ပြီး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးရင်ခိုင်နဲ့ တာဝန်ကျ ဝန်ထမ်းတွေက ဦးဆောင်ပြီး လူထု စစ်ဆေးပွဲကို ပြုလုပ်ခဲ့တာလို့ သိရပါတယ်။

အလားတူ ရွှေကူမြို့နယ် ဟိန်ကောင် ကျေးရွာမှာလည်း လူထု ဗဟိုပြု စီမံကိန်းနဲ့ မြေထိန်းနံရံ တည်ဆောက်တဲ့ လုပ်ငန်းကို ဩဂုတ် ၁၃ ရက်နေ့က စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ အခုအခါမှာ အောင်မြင်စွာ အပြီးသတ် ဆောင်ရွက်ခဲ့ပြီး ဖြစ်တဲ့အတွက် လူထု စစ်ဆေးပွဲကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage