ဆောမြို့နယ် တေးကျေးရွာ ဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီး၊ လူထုစစ်ဆေးပွဲကျင်းပ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ၀န်ကြီး ဌာန ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနတို့ ပူးပေါင်း အကောင် အထည်ဖော် ဆောင်ရွက်လျှက်ရှိတဲ့ မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ် လူထု‌ဗဟိုပြု စီမံကိန်း (စတုတ္ထနှစ် စက်၀န်း) တေးကျေးရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ မေတ္တာအားမာန် ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ရာနှုန်းပြည့် ပြီးစီးပြီ ဖြစ်တာကြောင့် လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းစဉ် တစ်ခု ဖြစ်တဲ့ လူထု စစ်ဆေးပွဲကို ၂၀၂၀ ခုနှစ် ဩဂုတ်လ ၂၈ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ပါတယ်။

လူထု စစ်ဆေးပွဲပြုလုပ်ရာမှာ Covid19 ရောဂါကူးစက်ပြန့်ပွားနေသော ကာလဖြစ်တာကြောင့် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းစဉ်များကို သက်ဆိုင်ရာ ကော်မတီများမှ ကျေးရွာအတွင်းရှိ လူထုအားလုံး သိရှိနိုင်ရန် အသံချဲ့စက်များနဲ့ ရှင်းပြခြင်း ဘဏ္ဍာရေး ၀ယ်ယူရေးဆိုင်ရာ အသုံးစာရင်းများကို ကျေးရွာအတွင်း လှည့်လည်ပြီး၊ အသံချဲ့စက်သုံးကာ လှည့်လည်ကြေငြာခြင်း၊ ကျေးရွာ ကြော်ငြာသင်ပုန်းနှင့် လူအများမြင်သာတဲ့ နေရာများမှာ ရှင်းတမ်းများ ကပ်ခြင်းတို့ကို ပြုလုပ်ခဲ့ကြပြီး ကျေးရွာလူထုများအနေဖြင့် စီမံကိန်းရဲ့ လုပ်ငန်းစဉ်နဲ့ ရလဒ်အပေါ် စိတ်ကျေနပ်မှုကို သိရှိနိုင်ရန် အိမ်တိုင်ရာရောက် စာရွက်စာတမ်းများ ဝေပြီး၊ မဲကောက်ယူခြင်းများကို လမ်းညွှန်ချက်များနှင့် အညီ ကောက်ယူခဲ့ကြပါတယ်။

တေးကျေးရွာမှာ လူထု ဗဟိုပြု စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရခြင်းနဲ့ ပတ်သတ်ပြီး၊ ကျေးရွာ စီ/ထောက် ဥက္ကဌ ဒေါ် အေးအေးအောင်မှ ယခုလို ပြောကြားခဲ့ပါတယ်။

“အရင်ကဆိုရင် အစည်းအဝေး အခမ်းအနား ဟောပြောပွဲတွေကို ဓမ္မာရုံ အသေးလေးမှာ ပြုလုပ်ခဲ့ရပါတယ်။ အခုဆိုရင် ရွာပိုင်မြေ နေရာလွတ်မှာ လူထု ဗဟိုပြု စီမံကိန်း ငွေနဲ့ ရွာလူထုက ရွေးချယ်ခဲ့တဲ့ ဘက်စုံသုံးခန်းမ ကြီးကို အောင်မြင်စွာ ဆောက်လုပ်ပြီး စီးခဲ့ပါတယ်။ လူထု ဗဟိုပြု စီမံကိန်း ကျမတို့ ရွာကို ရောက်လာတဲ့ အခါမှာ အရင်က မရှိခဲ့တဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ကျမတို့ကိုယ်တိုင် ဦးဆောင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခွင့် ရခဲ့တဲ့ အတွက် ဘိလပ်မြေ ဖျော်စပ်တာတွေ စလစ်လောင်းတာတွေ ကျောက်ရိုး စီတာတွေ ဆေးသုတ်ခြင်း လုပ်ငန်းတွေကို အရင်ကထက် ပိုပြီး လုပ်ကိုင်လာတတ်ပါတယ်။ ကိုဗစ်ကာလ ဖြစ်တဲ့ အတွက် ကျမတို့ လုပ်ငန်း လုပ်တဲ့အခါမှာ လူစု လူဝေး မလုပ်ရတဲ့အတွက် ၁၀ ယောက် အဖွဲ့ တစ်ဖွဲ့စီ တစ်ရက်ချင်း လုပ်ငန်း လုပ်ဆောင်ခဲ့ရပါတယ်။ ဒါပေမယ့်လို့ ဘက်စုံသုံး ခန်းမကြီးကို အချိန်အားဖြင့် ၄ လကျော်နဲ့ ပြီးစီး အောင်မြင်အောင် နေရက်မနား အကောင်းဆုံး ဖြစ်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်အတိုင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ယခု အခါ ကျမတို့ ရွာမှာ အမှန်တစ်ကယ်လိုအပ်နေတဲ့ ဘက်စုံသုံးခန်းမ ကြီးကတော့ အလျား ပေ ၉၀ ၊ အနံ ပေ ၄၀ ၊ အမြင့် ၁၃ ပေကို လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ငွေ ၂၈၅ သိန်း ၉ သောင်း ၆ ထောင် ၁၀၀ ကျပ်၊ ကျေးရွာ လူထု လုပ်အား ထည့်ဝင်ငွေက ၁၁,၁၆၂,၄၅၀ ကျပ် စုစုပေါင်း ကုန်ကျငွေကတော့ ၃၉,၇၅၈,၅၅၀ ကျပ် ဖြစ်ပါတယ်။ ဘက်စုံသုံး ခန်းမကြီး ပြီးစီးအောင်မြင်အောင် ကူညီ ပံ့ပိုးပေးကြတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လူထု ဗဟိုပြု စီမံကိန်းကိုလည်း ကျမတို့ ရွာအနေနဲ့ အထူးပင် ကျေးဇူးတင်ရှိပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်”

သတင်း - တင်အောင်မိုးမြင့်

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage